ပန်းတို့ပါးတဲ့စကားသံ

By Hurious (Curious S.O.U.L)

July 28, 2020

ပန်းဆိုတာ သဘာဝရဲ့ အလှတရားကြီးထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပန်းတွေရဲ့မတူညီတဲ့ပုံစံ၊ ရနံ့ နှင့် သူတို့ရဲ့ အလှတရားဟာ လူတော်တော်များများကို ဆွဲဆောင်နိုင်ပါတယ်။ မတူညီတဲ့ပန်းတွေဟာ မတူညီတဲ့ အဓိပ္ပါယ်ရှိပါတယ်။ ထို့ကြောင့် လူသိများတဲ့ပန်းအချို့နှင့် သူတို့ရဲ့ အဓိပ္ပါယ်တို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁. စံပယ်ပန်း

Pinterest image

စံပယ်ပန်းက အာရှရဲ့ အပူပိုင်းဒေသတွေမှ ဆင်းသက်လာသော်လည်း ယခုအခါမှာတော့ ကမ္ဘာတစ်ဝှမ်းတွင် တွေ့‌နေရပြီပဲဖြစ်ပါတယ်။ 

စံပယ်ပန်းက ချစ်ခြင်းမေတ္တာနဲ့ဆက်စပ်ပြီး လူကြိုက်များတဲ့ပန်းလည်းဖြစ်ပါတယ်၊ သူ့ရဲ့အဖြူရောင်ပွင့်ဖတ်တွေနဲ့ မွှေးကြိုင်သင်းပျံ့တဲ့ ရနံ့ကြောင့်လည်း လူအများကြားမှာ ရေပန်းစားလှပါတယ်။ ထို့အပြင် စံပယ်ပန်းကို အိမ်ထဲတွင်အလှပန်းအိုးနဲ့ ထားလျှင် တစ်အိမ်လုံးကိုသူ့ရနံ့တွေနဲ့သင်းပျံ့သွားစေပါတယ်။  တချို့ဥယာဥ်မှူးတွေက စံပယ်ပန်းကို အိပ်ခန်းပြတင်းပေါက်မှာ ထားထားကြပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့မွှေးပျံ့လွန်းတဲ့ရနံ့ကို ညကောင်းကင်ယံထက်ထိအောင် ပျံ့နှံ့‌စေချင်လို့ပဲဖြစ်ပါတယ်။

စံပယ်ပန်းကဘာအဓိပ္ပါယ်ဆောင်တာလဲ

  • စံပယ်ပန်းဟာ ချစ်ခြင်းမေတ္တာနဲ့ ဆက်စပ်တဲ့ပန်းဖြစ်ပါတယ်
  • သူက အလှတရားကိုလည်းကိုယ်စားပြုပါတယ်
  • တချို့ယဥ်ကျေးမှုတွေမှာ စံပယ်ဟာ တန်ဖိုးထားကျေးဇူးသိတတ်ခြင်းနဲ့ ကံကောင်းခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်

စံပယ်ပန်းပွင့်က အလှအပနှင့်သင်းပျံ့တဲ့ ရနံ့သည် ချစ်ခြင်းမေတ္တာကို ဖော်ပြရုံသာမက အပြုသဘောဆောင်တဲ့ ခံစားမှုများကို ဖြစ်ပေါ်စေသည်။ စံပယ်ပန်းက ကျွန်တော်တို့ကို ‌နွေးထွေးမှုကို ခံစားစေတယ်။ 

၂. အိုင်းရစ်(စ်)ပန်း 

Pinterest image

                                                                                                                                            အိုင်းရစ်(စ်)ပန်းကို အများအားဖြင့် ခြောက်သွေ့တဲ့ ‌ဒေသ၊ ‌အေးတဲ့တောင်ပေါ်ဒေသတွေမှာ တွေ့ရတတ်ပါတယ်၊

အိုင်းရစ်(စ်)ပန်းက သစ္စာရှိမှုကိုဖော်ပြတယ်ဆိုရင် မမှားပါဘူး၊ သူပွင့်တဲ့အရောင်တွေကတော့ ခရမ်း၊ အပြာ၊ အဝါ၊ အဖြူ၊ အနီ၊ အပန်း၊ အညိုရောင်နဲ့ အစိမ်းနု သို့ အဝါနုတို့ပဲဖြစ်ပါတယ်။ 

အိုင်းရစ်(စ်)ပန်းက ဘာအဓိပ္ပါယ်ဆောင်တာလဲ

အိုင်းရစ်(စ်)ပန်းရဲ့ အဓိပ္ပါယ်က ယဥ်ကျေးမှုအလိုက် ဆိုလိုရင်းအဓိပ္ပါယ်ကွဲပြားသွားပါတယ်။ သူရဲ့ အဓိကအဓိပ္ပါယ်ကတော့

  • သစ္စာရှိမှု
  • ယုံကြည်မှု
  • ဉာဏ်ပညာ
  • ‌မျှော်လင့်မှု
  • ရဲစွမ်းသတ္တိရှိမှု တို့ပဲဖြစ်ပါတယ်။

အိုင်းရစ်(စ်)ပန်းစကားကတော့ သူ့အရောင်ပေါ်မူတည်ပြီး ကွဲပြားပါတယ်၊ 

ခရမ်းရောင်အိုင်းရစ်(စ်)ပန်း – သူကတော့ သစ္စာရှိခြင်း၊ ဉာဏ်ပညာရှိခြင်း၊ လေးစားမှုရှိခြင်း နှင့် ချီးမွမ်းခြင်းတို့ရဲ့ သင်္ကေတပဲဖြစ်ပါတယ်။

အပြာရောင်အိုင်းရစ်(စ်)ပန်း– သူကတော့ မျှော်လင့်ချက်ထားမှုနှင့် ယုံကြည်မှုတို့ရဲ့ သင်္ကေတဖြစ်ပါတယ်။

အဝါရောင်အိုင်းရစ်(စ်)ပန်း – သူက‌တော့ မေတ္တာရှိမှုရဲ့ သင်္ကေတဖြစ်ပါတယ်။

အဖြူရောင်အိုင်းရစ်(စ်)ပန်း– သူကတော့ ရိုးသားမှု နှင့် အပြစ်ကင်းစင်မှုတို့ရဲ့ သင်္ကေတဖြစ်ပါတယ်။ 

၃. လီလီပန်း

Pinterest image

လီလီပန်းကိုတော့ ကမ္ဘာတစ်ဝှမ်းတွင် တွေ့ရတတ်ပါတယ်။ ဂရိနှင့်ရောမတို့တွင် လီလီပန်းကို ဘာသာရေးပွဲတော်တွေရဲ့ အထွဋ်အမြတ်ပန်းအဖြစ်သတ်မှတ်ထားကြပါတယ်။ တရုတ်နိုင်ငံမှာတော့ သူ့ကို စုံတွဲတွေကို သက်ဆုံးတိုင်ပေါင်းဖက်စေရန်ဆုတောင်းပေးတဲ့ အနေနဲ့ မင်္ဂလာပွဲတွေမှာ သုံးကြပါတယ်၊ 

လီလီပန်းက ဘာအဓိပ္ပါယ်ဆောင်တာလဲ

လီလီပန်းကတော့

  • သစ္စာရှိမှုနှင့် မဟာဆန်မှု
  • သန့်ရှင်းစင်ကြယ်မှုနှင့် လှပမှု
  • မေတ္တာတရားရှိမှု
  • အသစ်ပြန်လည်စတင်မှုနှင့် တဖန်ပြန်လည်ရှင်သန်မှုတို့ပဲ ဖြစ်ပါတယ်။

လီလီပန်းစကားကတော့ တစ်ခုအဆုံးသတ်သွားတယ်ဆိုတာ အခြားတစ်ခုကို စတင်ဖို့ပဲဖြစ်ပြီးတော့ အသစ်ပြန်လည်မွေးဖွားမှုက လက်တစ်ကမ်းမှာပဲရှိတယ်ဆိုတာကို သတိထားဖို့ပဲဖြစ်ပါတယ်။

၄. နှင်းဆီပန်း

Pinterest image

နှင်းဆီပန်းကတော့ နာမည်ကြီးပြီးတော့ လူအများကြိုက်နှစ်သက်တဲ့ ပန်းလည်းဖြစ်ပါတယ်။ သမိုင်းကြောင်းအရကတော့ နှင်းဆီတွေဟာ တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ခန့်ကတည်းက စိုက်ပျိုးခဲ့ကြပြီး ထိုအချိန်ကတည်းက နှင်းဆီပန်းဟာ လူကြိုက်များတဲ့ပန်းဖြစ်လာပါတယ်။

နှင်းဆီပန်းက ဘာအဓိပ္ပါယ်ဆောင်တာလဲ

နှင်းဆီပန်းရဲ့ အဓိပ္ပါယ်ကတော့ အရောင်ပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။

နှင်းဆီနီကတော့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုပါတယ်၊ နှင်းဆီနီကိုပေးတာပဲဖြစ်ဖြစ် လက်ခံရရှိတာပဲဖြစ်ဖြစ် သူ့ရဲ့အဓိပ္ပါယ်က  I Love You ဆိုတာပါပဲ။ 

ပန်းရောင်နှင်းဆီကတော့ ကျေးဇူးတင်ခြင်း၊ ‌တင့်တယ်ခြင်းနှင့် ပျော်ရွှင်ခြင်းကို ကိုယ်စားပြုပါတယ်၊ အပန်းရင့်ရောင်နှင်းဆီက ကျေးဇူးတင်မှုကို ဖော်ပြပြီးတော့ ပန်းနုရောင်နှင်းဆီကတော့ နူးညံ့သိမ်မွေ့မှုကို ဖော်ပြပါတယ်။ 

နှင်းဆီဖြူကတော့ သန့်ရှင်းစင်ကြယ်မှု၊ ရိုးသားဖြူစင်မှုနှင့် တည်ကြည်မှု ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။ ဒါကြောင့် အဖြူရောင်နှင်းဆီကို ပွဲတော်တော်များများမှာ သုံးကြပါတယ်၊ တစ်ဖက်မှာလည်း လေးစားမှု နှင့် သတိရမှုကို ကိုယ်စားပြုပါတယ်။ 

ခရမ်းရောင်နှင်းဆီကတော့ သစ္စာရှိမှုနဲ့ ခန့်ညားထည်ဝါမှုကို ကိုယ်စားပြုပါတယ်၊ သူကတော့ တွေ့ရခဲတဲ့နှင်းဆီရောင်လည်းဖြစ်ပါတယ်။

နှင်းဆီဝါကတော့ ခင်မင်ရင်းနှီးမှုနဲ့ ဂရုစိုက်မှုတို့ကို ဖော်ပြတာပဲဖြစ်ပါတယ်၊ ကိုယ်စိတ်ဝင်စားနေတဲ့သူကို နှင်းဆီဝါပေးမိရင် Friend Zone ထဲမှာပဲနေချင်တဲ့ဆိုတဲ့အဓိပ္ပါယ်သက်ရောက်သွားတာမို့ မ‌ပေးမိပါစေနဲ့။ 

လိမ္မော်ရောင်နှင်းဆီက စိတ်အားထက်သန်မှု ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။ သူကလည်းနှင်းဆီနီလိုပဲ ချစ်ခြင်းကိုကိုယ်စားပြုပြီး ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်တယ်ဆိုတဲ့ သင်္ကေတလည်းဖြစ်ပါတယ်။ 

နှင်းဆီကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ချစ်ခြင်း၊ လှပခြင်းနှင့် မျှတမှုရှိခြင်းတို့ကို ကိုယ်စားပြုဆဲပါပဲ။ သူ့အရောင်‌အလိုက် မတူညီတဲ့ အဓိပ္ပါယ်တွေကို ဖော်ဆောင်ပေမယ့် သူ့ရဲ့ အဓိကဆိုလိုရင်းကတော့ ချစ်ခြင်းမေတ္တာပဲဖြစ်ပါတယ်။ 

၅. နေကြာပန်း


Pinterest image

                                                                                                                                      နေကြာပန်းကိုတော့‌နေရာ‌ဒေသတော်တော်များများမှာတွေ့‌ရတတ်ပါတယ်၊ လူတော်တော်များများအတွက်ကတော့ နေကြာပန်းဟာ လှပတဲ့သင်္ကေတတစ်ခုပဲဖြစ်ပါတယ်။ နေကြာပန်းရဲ့ မူလအစကတော့ မြောက်အမေရိက‌‌မှဖြစ်ပါတယ်။ တင်ပို့ရောင်းချရာမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းကို ရောက်ရှိသွားတာဖြစ်ပါတယ်။ 

နေကြာပန်းက ဘာအဓိပ္ပါယ်ဆောင်တာလဲ

နေကြာပန်းကတော့ အသက်ရှည်ခြင်း၊ မြတ်နိုးခြင်း၊ ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ရည်ညွှန်းပါတယ်၊ ဒါ့အပြင် သူ့ရဲ့ အဝါရောင်ပွင့်ဖတ်က သင့်စိတ်ကို လန်းဆန်းစေနိုင်ပါတယ်။ 

နေကြာပန်းလေးရဲ့ စကားကတော့ မြင့်မြင့်ရပ်ပြီး ကိုယ့်အိပ်မက်နောက်ကို လိုက်ပါ၊ အကောင်းဘက်ကိုပဲတွေးပြီး ဘယ်သူမှကိုယ့်ကို ဆွဲချခွင့်မပြုပါစေနဲ့ ဆိုတာပဲဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *